မျက်မှန်လေး။
နင်အခုဘယ်မှာလဲ။
နေရောင်ခြည်ရဲ့ နူးညံ့ တဲ့ ထွေးပွေ့မှုအောက်မှာ
နင့်မနက်ခင်းတွေသာယာပါစေ။

ကျွန်တော်နဲ့ကျောင်းအတူသွားနေကျကောင်မလေး။
စာမေးပွဲပြီးရင်ကျွန်တော့ကို အဖြေပေးမယ့်ကောင်မလေး။
(A) ခန်းက စာအတော်ဆုံးကောင်မလေး။
ဘောလုံးပွဲတအားကြည့်တဲ့ ကျွန်တော့ကို စာကျက်ဖို့
စကားကြီးစကားကျယ်တွေသုံးပြီး
လူကြီးတစ်ယောက်ရဲ့အပြုံးစစ နဲ့
ဆုံးမတတ်တဲ့ ကောင်မလေး။
ပါဝါမျက်မှန်ထူထူနဲ့ ခေါင်းငုံ့လမ်းလျှောက်တတ်တဲ့ကောင်မလေး။
လူနာကုတင်ပေါ်မှာလှဲလျောင်းပြီး သေခြင်းကို စောင့်ဆိုင်းဖို့ တော့
အရမ်းငယ်လွန်းပါတယ်။


တစ်ချို့ တိုက်ပွဲတွေ က ဘေးလူကူတိုက်ပေးလို့မရဘူး။
ကိုယ်   တိတ်ဆိတ်စွာဆုတောင်းပေးရုံထက်
လူမသိသူမသိ ၀မ်းနည်းပေးရုံထက် ပိုမတတ်နိုင်ဘူး။

ကိုယ့်အတွက်အလင်းရောင်တွေရှာပေးခဲ့တဲ့ကြယ်စင်လေး။
သူမအတွက် သန်းခေါင်ယံမှာ အရေးတကြီးလိုအပ်နေတဲ့ သွေးတစ်ပုလင်းကို
ကျွန်တော်ရှာမပေးနိုင်ခဲ့ဘူး။
အရာရာ ဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ သူမမိဘတွေမှာလည်း
ပိုက်ဆံနဲ့မ၀ယ်ပေး နိုင်ခဲ့တဲ့ တစ်စုံတစ်ရာတော့ရှိမှာပေါ့။


ကိုယ်ဘ၀ဆက်တိုင်း ဆက်တိုင်း A သွေးပဲဖြစ်ပါစေ။


အေးစက်စက် ဒီဇင်ဘာတစ်ည ပေါ့။
ကြယ်စင်တစ်ချို့ မှုန်ပျ
သူမ မေမေ မျက်ရည် စမှာ
ကိုယ့်ကို အဖြေမပေးရသေးတဲ့အ၀ါရောင်နှင်းဆီငုံလေး
နောက်ဆုံးပွင့်ချပ်ကို ခြွေချတယ်။

စာမေးပွဲဖြေဖို့ ကဒ်ပြားလေး လာထုတ်မသွားဘူး။
သူငယ်ချင်းတွေကိုနှုပ်ဆက်မသွားဘူး။
တက္ကသိုလ် ပရ၀ုဏ်ကို ခြေမချဖူးသွားဘူး။
သူမအတွက်အမိန့်ပြန်စာ နားထောင်မသွားဘူး။